NEWS

ညောင်ပင်သာနှင့် ဘုရားငါးဆူစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၃၇ဦးသေဟု KNLA ဌာနချုပ် အသိပေး

ဖြူးမြို့နယ် ညောင်ပင်သာနှင့် ဘုရားငါးဆူစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၃၇ဦးသေဟု KNLA ဌာနချုပ် အသိပေး
မိုးမိုး/People’s Spring
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ရဲစခန်းတစ်ခုနှင့်ကင်းစခန်းတစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၇ဦးသေဆုံးခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည်။


ဒီဇင်ဘာ ၁၂ရက် ညပိုင်းနှင့် ဒီဇင်ဘာ ၁၃ရက် နံနက်အစောပိုင်းတွင် ဖြူးမြို့နယ်(KNU မူး(မုန်း)မြို့နယ်) အတွင်းရှိ စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ကညွှတ်ကွင်းဒေသရှိ ဘုရားလဟာရွာနှင့် ကညွှတ်ကွင်းမြို့ပေါ်သို့ ဆက်သွယ်ထားသောကလမ်းဘေးရှိ ဘုရားငါးဆူ စခန်းငယ်တစ်ခု နှင့် ညောင်ပင်သာရဲစခန်းအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၇ဦးခန့်သေဆုံးကာ လက်နက်ခဲယမ်းများစွာရရှိခဲ့သည်ဟု KNLAက ထုတ်ပြန်သည်။


သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ အရေအတွက်ဖော်ပြမထားသော်လည်း ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါ စခန်း ၂ခုမှ လက်နက် ၂၀နီးပါးနှင့် ကျည်ခဲယမ်းများ ရရှိခဲ့သည်ကို တွေ့ရသည်။တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိပြီး တစ်ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကို KNLA၊ PDFနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးရဲဘော်မှာ BPLA တပ်ဖွဲ့ဝင်ဖြစ်သည်။
(ညောင်ပင်သာနှင့် ဘုရားငါးဆူစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – KNLA